မြန်မာနိုင်ငံတက္ကသိုလ်အဆင့်သစ်တောပညာသင်ကြားရေးမှတ်တမ်း (ဘွဲ့ကြိုသင်တန်း)
၁၉၂၃ ခုနှစ်
မြန်မာနိုင်ငံတွင် သစ်တောပညာသင်ကြားခြင်းကို ရန်ကုန်တက္ကသိုလ်၊ သစ်တောပညာဌာန (Department of Forestry) တွင် စတင်ခဲ့ပါသည်။ ဥပစာသိပ္ပံ (I.Sc.) (ခ) အောင်မြင်ပြီးသူများ တက်ရောက်ခွင့်ပြုပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။ သင်တန်းသားဦးရေမှာ (၆ – ၁၀) ဦး ဖြစ်ပြီး ပေးအပ်သည့်ဘွဲ့မှာ သိပ္ပံ (သစ်တောပညာ) B.Sc. (Forestry) ဖြစ်ပါသည်။
၁၉၂၆ ခုနှစ်
ဥပစာသိပ္ပံ (I.Sc) (ခ) အောင်မြင်ပြီးသူများ တက်ရောက်ခွင့်ပြုပြီး သင်တန်းကာလကို (၃) နှစ်သို့ တိုးမြှင့်ခဲ့ပါသည်။ သင်တန်းသားဦးရေမှာ (၆ – ၁၀) ဦး ဖြစ်ပြီး ပေးအပ်သည့်ဘွဲ့မှာ သိပ္ပံ (သစ်တောပညာ) B.Sc. (Forestry) ဖြစ်ပါသည်။
၁၉၃၄-၄၉ခုနှစ်
ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် သစ်တောပညာကျောင်းကို ပိတ်ထားခဲ့ပါ သည်။
၁၉၅၀ ခုနှစ်
ဥပစာသိပ္ပံ (I.Sc.) (ခ) အောင်မြင်ပြီးသူများ တက်ရောက်ခွင့်ပြုပြီး သင်တန်းကာလကို (၃) နှစ်သို့ တိုးမြှင့်ခဲ့ပါသည်။ သင်တန်းသား ဦးရေမှာ (၆ – ၁၀) ဦး ဖြစ်ပါသည်။ လူတွေ့စစ်ဆေး ခြင်းအောင်မြင်ကာ (၂၅) မိုင် လမ်းလျှောက်စစ်ဆေးပြီး ဆေးစစ်ခြင်း အောင်မြင်သူများ တက်ရောက်ခွင့်ရှိပါသည်။ ပေးအပ်သည့်ဘွဲ့မှာ သိပ္ပံ (သစ်တောပညာ) B.Sc. (Forestry) ဖြစ်ပါသည်။
၁၉၅၈ ခုနှစ်
ရန်ကုန်တက္ကသိုလ်အောက်တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) သို့ တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။
၁၉၆၄ ခုနှစ်
သစ်တောပညာ သင်ကြားခြင်း စနစ်သစ်ကို စတင်ခဲ့ပြီး သင်ကြားမှု သင်တန်းနှစ်ကို (၆) နှစ်သို့ တိုးမြှင့်ခဲ့ပါသည်။ သင်တန်းသား ဦးရေကို (၅၀) ဦးသို့ တိုးမြှင့်ခေါ်ယူခဲ့ပါသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က စိစစ် ရွေးချယ်ပြီး အခြေခံပညာအထက်တန်းကို သိပ္ပံဘာသာတွဲနှင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။ လူတွေ့စစ်ဆေးခြင်းအောင်မြင်ကာ (၂၅) မိုင် လမ်းလျှောက် စစ်ဆေးပြီး ဆေးစစ်ခြင်း အောင်မြင်သူများ တက်ရောက်ခွင့် ရှိပါသည်။ ပေးအပ်သည့် ဘွဲ့မှာ သိပ္ပံ (သစ်တောပညာ) B.Sc. (Forestry) ဖြစ်ပါ သည်။
၁၉၈၀ ခုနှစ်
လမ်းလျှောက်စစ်ဆေးခြင်းကို မိုင် (၂၀) သို့ လျှော့ချခဲ့ပါသည်။
၁၉၈၅ ခုနှစ်
သစ်တောပညာဌာန (Department of Forestry) ကို ရန်ကုန်တက္ကသိုလ် မှ စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
၁၉၉၂ ခုနှစ်
ဇူလိုင်လ (၁၆) ရက်နေ့တွင် သစ်တောတက္ကသိုလ် (Institute of Forestry) အဖြစ် သီးခြား စတင်ဖွင့်လှစ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ် အောက်မှ သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန လက်အောက်တွင် ထားရှိခဲ့ပါသည်။
၁၉၉၅ ခုနှစ်
ခေါ်ယူသူ အရေအတွက်၏ (၂၅ %) ဖြင့် ကျောင်းသူ (၁၂) ဦးအား ပထမဆုံးအကြိမ်အဖြစ် စတင်လက်ခံ သင်ကြားခဲ့ပါသည်။
၁၉၉၆ ခုနှစ်
သင်တန်းကာလကို (၆) နှစ်မှ (၅) နှစ်သို့ လျှော့ချခဲ့ပြီး ပညာသင်နှစ်တစ်နှစ်လျှင် စာသင်နှစ်ဝက် နှစ်ခု ခွဲခြား သင်ကြားသည့် စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။
၂၀၀၃ ခုနှစ်
သစ်တောတက္ကသိုလ် (Institute of Forestry) ကို သစ်တောတက္ကသိုလ် (University of Forestry) ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။
၂၀၀၆ ခုနှစ်
သင်တန်းသားဦးရေကို (၁၀၀) ဦးသို့ တိုးမြှင့်ခေါ်ယူခဲ့ပါသည်။ ရေဆင်းနယ်မြေ တက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် အစီအစဉ်ကို နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်အရ မိမိတက္ကသိုလ် အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး အသက် (၁၈) နှစ်ထက် မကျော်လွန်သူများ လျှောက်ထားနိုင်ရန် ကြေငြာ၍ ခေါ်ယူခြင်း၊ ဝင်ခွင့် ရေးဖြေစာမေးပွဲ ကျင်းပခြင်း၊ အောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်း၊ အောင်မြင်သူများကို မိုင် (၂၀) လမ်းလျှောက် စစ်ဆေးခြင်း၊ ဆေးစစ်ခြင်းများ ပြုလုပ်၍ အောင်မြင်လျှင် တက္ကသိုလ် ဝင်ခွင့်ရပါသည်။ ကျောင်းသူဦးရေကို ခေါ်ယူသူ အရေအတွက်၏ (၂၀ %) ဖြင့် လျှော့ချခေါ်ယူခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရရှိခဲ့သောအမှတ်သည် အဓိက အဆုံးအဖြတ် ပေးသောအရာ မဟုတ်ပါ။
၂၀၀၇ ခုနှစ်
သင်တန်းသားဦးရေကို (၂၀၀) ဦးသို့ တိုးမြှင့် ခေါ်ယူခဲ့ပါသည်။
၂၀၁၁ ခုနှစ်
သင်တန်းသားဦးရေကို (၁၀၀) ဦးသို့ ပြန်လည် လျှော့ချ ခေါ်ယူခဲ့ပါသည်။
၂၀၁၆ ခုနှစ်
ဝင်ခွင့်ရေးဖြေစာမေးပွဲဖြေဆိုခြင်း၊ လူတွေ့မေးဖြေစစ်ဆေးခြင်းများ မပြုလုပ်တော့ပါ။ အသက် ကန့်သတ်ချက်လည်း မရှိတော့ပါ။ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၃၆၀) နှင့်အထက် ရရှိသူများ လျှောက်ထားခွင့်ရှိပြီး ၎င်းတို့အနက်မှ အမှတ် အများဆုံး ရရှိသူများကို မိုင် (၂၀) လမ်းလျှောက်စစ်ဆေးခြင်း၊ ဆေးစစ်ခြင်းပြုလုပ်၍ အောင်မြင်လျှင် တက်ရောက်ခွင့်ရပါသည်။
၂၀၁၇ ခုနှစ်
အောက်တိုဘာလ (၁၀) ရက်နေ့တွင် သစ်တောတက္ကသိုလ် (University of Forestry) ကို သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း (University of Forestry and Environmental Science) ဟု တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။
၂၀၂၂ ခုနှစ်
ဝင်ခွင့် (၂) ကြိမ် ခေါ်ယူခဲ့ပြီး ပထမအကြိမ်အဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ သင်တန်းသားဦးရေ (၆၀) ဦးသို့ လျှော့ချခေါ်ယူခဲ့ပါသည်။
ဒုတိယအကြိမ်အဖြစ် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများမှ သင်တန်းသားဦးရေ (၈၀) ဦးသို့ ပြန်လည်တိုးမြှင့်ခေါ်ယူခဲ့ပါသည်။
၂၀၂၃ ခုနှစ်
သစ်တောပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၆-၅-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်
သင်တန်းသားဦးရေ (၈၀) ဦး ခေါ်ယူခဲ့ပြီး သင်တန်းကာလကို (၄) နှစ်သို့ သတ်မှတ်ခဲ့ပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၅၀) နှင့် အထက်ရရှိသူများ လျှောက်ထားခွင့်ရှိပြီး ၎င်းတို့အနက်မှ အမှတ်အများဆုံး ရရှိသူများကို မိုင် (၂၀) လမ်းလျှောက် စစ်ဆေးခြင်း၊ ဆေးစစ်ခြင်းပြုလုပ်၍ အောင်မြင်လျှင် တက်ရောက်ခွင့်ရပါသည်။
မြန်မာနိုင်ငံတက္ကသိုလ်အဆင့်သစ်တောပညာသင်ကြားရေးမှတ်တမ်း (ဘွဲ့လွန်သင်တန်း)
မြန်မာနိုင်ငံတွင် သစ်တောပညာဘွဲ့လွန်သင်တန်းများကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ပြီး အောက်ပါအတိုင်း ပြင်ဆင်ခဲ့ပါသည်-
၁၉၉၆ ခုနှစ်
မဟာသိပ္ပံသင်တန်းကို ဖွင့်လှစ်ခဲ့၍ သစ်တောရေးရာဝန်ကြီးဌာန (ယခု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) လက်အောက်ရှိ ဝန်ထမ်းများမှ သိပ္ပံ (သစ်တောပညာ) ဘွဲ့ရရှိပြီး သတ်မှတ် အရည်အချင်း ပြည့်မီသူများအား လျှောက်ထား တက်ရောက်ခွင့်ပြုခဲ့ပါသည်။ ပေးအပ်သည့်ဘွဲ့များမှာ မဟာသိပ္ပံ (သစ်တောပညာ) M.Sc. (Forestry) နှင့် မဟာသိပ္ပံ (သစ်တောထွက်ပစ္စည်းပညာ) M.Sc. (Forest Products) တို့ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်
မဟာသိပ္ပံသင်တန်းကို သိပ္ပံ (သစ်တောပညာ) ဘွဲ့ရရှိပြီး သတ်မှတ် အရည်အချင်း ပြည့်မီသူများအားလုံး လျှောက်ထားတက်ရောက်ခွင့် ပြုခဲ့ပါသည်။ ပေးအပ်သည့်ဘွဲ့မှာ မဟာသိပ္ပံ (သစ်တောပညာ) M.Sc. (Forestry) ဖြစ်ပါသည်။